ဟိုပုံး ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ပေါင်လင်းကျေးရွာအုပ်စုရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဟိုနား)၌ ကျင်းပခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်က ဟိုပုံးမြို့နယ်အတွင်းဖြစ်ပွားနိုင်သည့် ရေဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး စသည့် ဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဘေးအန္တရာယ်တစ်ခုခုကြုံတွေ့ရပါက ဆောင်ရန်ရှောင်ရန်နည်းလမ်းများနှင့် မိမိနှင့်အတူ ယူဆောင်သွားရန်လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများအား ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်က ဟောပြောခဲ့သည့် အကြောင်းအရာများအား မေးမြန်းခဲ့ရာ ပြန်လည်ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)