ဆီဆိုင် ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု ဆိုက်ခေါင်ကျေးရွာရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိ ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဆိုက်ခေါင်)မှ ဒုတိယကျောင်းအုပ်ကြီး ဦးစိုင်းထွန်းလှက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဇော်ထွန်းက အားကစားဆိုင်ရာအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကြီးဒဲရယ်က သိမှတ်ဖွယ်ရာ ပြည်ထောင်စုနေ့အကြောင်းကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးရဲဝင်းအောင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းကိုလည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူ(၆)ဦးမှ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ၊ ပြည်ထောင်စုနေ့သမိုင်း၊ ချစ်ခင်ပေါင်းစုတို့ပြည်ထောင်စုနေ့၊ ထိန်းသိမ်းသွားရမည့်ပြည်ထောင်စုနေ့၊ ပြည်ထောင်စုနေ့ တို့မမေ့ စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးဟောပြောခဲ့ကြသည်။ ဆက်လက်၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ပြသပေးရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစား လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)