ချမ်အေးသာစံ ဖေဖော်ဝါရီ ၁၃
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြီးမှူးကျင်းပသော (၂၁) ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁၂)ရက် နံနက်ပိုင်းက ဆင်ဖြူကန်ကွင်း၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အကဲဖြတ်အမှတ်ပေးဒိုင်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ ပါမောက္ခ ချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပျိုးဥယျာဉ်လုပ်ငန်းရှင်များ၊ ပန်းပညာရှင်များ၊ ပြိုင်ပွဲဝင် စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက (၂၁)ကြိမ်မြောက် မြို့တော် ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့နှင့် တိုင်းရင်းသားအကအဖွဲ့တို့အား ဂုဏ်ပြုငွေများ ချီးမြှင့်ပြီးနောက် ဌာနဆိုင်ရာပြခန်းများ၊ MSME ပြခန်းများ၊ ပညာပေးပြခန်းများ၊ ပြပွဲ၊ ပြိုင်ပွဲ ခင်းကျင်းပြသထားသည့် ပန်းမန်သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် အလှပန်းခင်းများအား လိုက်လံကြည့်ရှုကြသည်။
၎င်းနောက် (၂၁) ကြိမ်မြောက် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဗဟိုမဏ္ဍပ်တွင် ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူများမှ ပန်းတိုင်းပွင့်ပြီမြန်မာပြည် အကဖြင့် လည်းကောင်း၊ ဆေးတက္ကသိုလ် (မန္တလေး)မှ ပွဲဝှိင်းကော့ယာလုမ်းအကဖြင့်လည်းကောင်း၊ ကချင်စာပေ နှင့်ယဉ်ကျေးမှုအသင်း(မန္တလေး)မှ Karai Jaw Ai Mungdan အကဖြင့်လည်းကောင်း ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့်အထိမ်းအမှတ်အနေဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာအထောက်အကူပြုပြီး ရည်ရွယ်ချက် ၅ ရပ် ဖြင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်များအပြင် အခြားတိုင်းဒေသကြီးမှ ပျိုးဥယျာဉ်လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ ပန်းပညာရှင်များ ပါဝင်ယှဉ်ပြိုင်ကြသည်ကို မြင်တွေ့ရပါကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း အခန်းကဏ္ဍများ မြှင့်တင်ဆောင်ရွက်ရေးအတွက် MSME ပြခန်းများကို ထည့်သွင်းပြသထားပါကြောင်း၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာများ ဖလှယ်နိုင်ခြင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် မျိုးကောင်း၊ မျိုးသန့်များ ပြန့်ပွားစေခြင်း၊ တစ်ပိုင်တနိုင်စိုက်ပျိုးခြင်းနှင့် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည် ဖြစ်ပါကြောင်းနှင့် မြို့ပေါ်ရှိ ဥယျာဉ်နေရာများ၌သာမက မြို့အတွင်းရှိ လမ်းများ၊ ရပ်ကွက်များအတွင်းမှာလည်း သစ်ပင်ပန်းမန်များ စိုက်ပျိုး၍ မျက်စိပဿဒ ဖြစ်စေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းက ရည်ရွယ်ချက်များဖြင့် ကျင်းပသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲမှ ပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ သဘာဝတရား၊ လူ့ဘောင်အကျိုးကျေးဇူး၊ စိုက်ပျိုးရေးနှင့် စီးပွားရေးထောက်ပံ့မှုနှင့်ပတ်သက်၍ အကျိုးကျေးဇူးများရရှိမှု၊ ပြပွဲ၊ ပြိုင်ပွဲနှင့်အတူ မြမာလာဥယျာဉ်သစ်တစ်ခုအား ဖန်တီးဖွင့်လှစ်ပေးနိုင်ခဲ့မှု၊ ပြည်သူလူထုအနားဖြေရာ၊ ကျန်းမာရေးလေ့ကျင့်ခန်းများ စိတ်အေးချမ်းသာယာဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်နေမှုများနှင့် အစိမ်းရောင်မြို့တော် Green City အဖြစ် တည်ဆောက်ရန် ဦးတည်ဆောင်ရွက်နေမှုများနှင့် မန္တလေးမြို့ကြီး သာယာလှပရေးအတွက် အားလုံးကြိုးစားပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီးနောက် ဆုချီးမြှင့်ရေးဆပ်ကော် မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဝင်းထိန်က ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ပြပွဲပြိုင်ပွဲတွင် ပန်းမာန်ပြိုင်ပွဲ အမျိုးအစား (၁၄) မျိုးနှင့် သစ်သီးဝလံပြိုင်ပွဲအမျိုးအစား (၉) မျိုး စုစုပေါင်း အမျိုးအစား (၂၃) မျိုးပါဝင်ပြီး၊ ပြိုင်ပွဲဝင်ပစ္စည်းအမျိုးပေါင်း (၈၁၂) ထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြမှု၊ စနစ်တကျ အကဲဖြတ်အမှတ်ပေး စိစစ်ရွေးချယ်ခဲ့မှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပန်းအလှပြု ပြင်ခြင်းပြိုင်ပွဲ၊ ပန်းအလှပင်ပြိုင်ပွဲ၊ ပြည်တွင်းသစ်ခွပြိုင်ပွဲ၊ ပြည်ပသစ်ခွပြိုင်ပွဲ (ကတ်တလီးယား၊ စင်ဘီးဒီးယမ်း နှင့် ဗန်ဒါ)၊ အရွက်အလှပင်ပြိုင်ပွဲ၊ ရာသီပန်းအလှပင်ပြိုင်ပွဲ၊ နှင်းဆီပင်အမျိုးမျိုး ပြိုင်ပွဲ၊ ရှားဇောင်းပင်ပြိုင်ပွဲ၊ ဘွန်ဆိုင်းပင်ပြိုင်ပွဲ၊ အသီးပါသည့် အလှပင်ပြိုင်ပွဲ၊ သစ်သီးပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက် (အရွက်ပင် ၊ အထုပ်ပင်၊ ဥ)ပြိုင်ပွဲ၊ သစ်သီးဝလံဥပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက် အသီးပါအပင်ပြိုင်ပွဲ၊ ဟင်းသီးအလုံးလိုက် ပြိုင်ပွဲ၊ ဟင်းသီးအသီးနှံအတွဲလိုက်ပြိုင်ပွဲ၊ သစ်သီးဝလံ အခိုင်လိုက်၊ ပုံဖော်အလှဆင်ခြင်းပြိုင်ပွဲတို့မှ ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများအား ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာနဆိုင်ရာပြခန်းများမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိကဆိုင်ရာပြခန်းများမှ လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ခဲ့ပြီးနောက် တံခွန်စိုက်ဆုရရှိသည့် ပြင်ဦးလွင်မြို့မှ မြတ်ပုဏ္ဏမီသစ်ခွခြံလုပ်ငန်းရှင်အား တံခွန်စိုက်ဆု ချီးမြှင့်ခဲ့ကြောင်းနှင့် အဆိုပါသစ်ခွခြံမှာ ယခုအပါအဝင် တံခွန်စိုက်ဆု ၃ ကြိမ် ရရှိထားကြောင်း၊ ပြပွဲ၊ ပြိုင်ပွဲလာသူများအား အရိပ်ရပျိုးပင်များ အခမဲ့ဝေငှခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်