ပင်လုံမြို့၌ (၁၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ပင်လုံ ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် တည်ထားကိုးကွယ်အပ်သော မဟာရဌာဘိသာမဂ္ဂီစေတီတော်မြတ်ကြီး၏ (၁၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နံနက်(၉)နာရီ အချိန်က စတင်ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ စေတီတော်ဩဝါဒစရိယ ဆရာတော်ကြီးများမှ ဗုဒ္ဓရုပ်ပွားတော်များအား အနေကဇာတင်ခြင်း၊ ရတနာမြတ်(၃)ပါးကန်တော့ပြီး ပင်လုံမြို့ မြို့မနောင်ကွတ်ပရိယတ္တိစာသင်တိုက်ဘဒ္ဒန္တပညာဗလဆရာတော်ထံမှ (၉)ပါးသီလ ခံယူဆောက်တည်ခြင်း၊ စေ​တီတော်ဩဝါဒစရိယဆရာတော်ကြီးများနှင့် ဌာနဆိုင်ရာလူကြီးများမှ ဗုဒ္ဓရုပ်ပွားတော်အား ရွှေကြာသင်္ကန်းကပ်လှူခြင်း၊ သံဃာတော်အရှင်သူမြတ်တို့မှ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျယ်ခြင်း၊ ပန်းတကာမှ နဝကမ္မအလှူငွေကပ်လှူခြင်း၊ အလှူရှင်များမှ အလှူစာခြင်းများကပ်လှူခြင်း၊ နိုင်ငံတော်သမ္မတ၏ စွမ်းဆောင်ရည်ဆုရ၊ လာရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်ဆရာတော်အဂ္ဂမဟာ ဂန္ဓဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနစရိယ ဒေါက်တာဘဒ္ဒန္တပုညနန္ဒမှ အနုမောဒနာတရားချီးမြှင့်ခြင်း၊ လွိုင်လင်မြို့ ရတနာစည်ကျောင်းတိုက် ဆရာတော်ဘဒ္ဓန္တဝီဇယာနန္ဒအဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတမှ ရေစက်ချတရားချီးမြှင့်ခြင်း၊ ရတနာမြတ်(၃)ပါးအား ပြန်လည်ကန်တော့ပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

ထို့နောက် ဆွမ်းဆန်စိမ်းလောင်းပွဲကို နေ့လယ်(၁၂)နာရီအချိန်တွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများမှ  စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် စည်းကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)