တောင်ကြီး ဖေဖော်ဝါရီ ၁၃
၂၀၂၅ ခုနှစ်၊ ၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း(၁၄)ရက် (အင်္ဂါနေ့) ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၇) ကြိမ်မြောက် မြန်မာ့ရိုးရာစုပေါင်း ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်က တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘောလုံးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထမနဲထိုးပြိုင်ပွဲတွင် ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းက ထမနဲထိုးကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကတော့ မြတ်စွာဘုရားရှင်နှင့် ဆရာတော်၊ သံဃာတော်များအား လှူဒါန်းရန်၊ မြန်မာလူမျိုးတို့၏ ယဥ်ကျေးမှု အစဥ်အလာကို ထိန်းသိမ်းရန်၊ ပြည်ထောင်စုတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ စည်းလုံးညီညွတ်မှုအား ကိုဖော်ကျူးရန်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဌာနဆိုင်အသီးသီးမှ အရာထမ်း၊ အမှုထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့များ၊ မိဘပြည်သူများ အားလုံးစည်းလုံးညီညွတ်စွာဖြင့် တစ်သားတည်းရှိနေကြဆိုသည့် ပြယုဂ်တစ်ခုအနေဖြင့် စုပေါင်းထမနဲထိုးပြိုင်ပွဲကို ကျင်းပပေးရခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ထမနဲထိုးပြိုင်ပွဲကို၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပြည်နယ်သယံဇတရေးရာဝန်ကြီး ဦးစိုင်လိတ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ထမနဲထိုးပြိုင်ပွဲအား ဒိုင်ချုပ်မှကသေနတ်ပစ်ဖောက်၍ ပြိုင်ပွဲကို စတင်ယှဥ်ပြိုင်ကြကာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထမနဲထိုးပြိုင်ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဆုချီးမြှင့်ပွဲမကျင်းပမီဒေသခံ တေးဂီတတီးဝိုင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ဆုချီးမြှင့်ပွဲကျင်းပရာ အထူးဆုရရှိသည့်အသင်းများအား ဆုတံဆိပ်နှင့်ငွေသားဆုများကို ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူး၏ဇနီး၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်လူမှုရေးရေးဝန်ကြီးများတို့က ချီးမြှင့်ပေး၍လည်းကောင်း၊ ပဉ္စမဆု၊ စတုတ္ထဆုရရှိသော အသင်းအားဆုတံဆိပ်နှင့် ငွေသားဆုကိုပြည်နယ် သယံဇတရေးရာဝန်ကြီးက ချီးမြှင့်ပေးပြီး တတိယဆု၊ ဒုတိယဆု၊ ပထမဆုရရှိသော အသင်းများအားဆုတံဆိပ်နှင့် ငွေသားဆုတို့ကို နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က ချီးမြှင့်ပေးကြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများကို ထမနဲများ ဝေငှပေးကြကြောင်း သိရသည်။
အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၁၇) ကြိမ်မြောက် မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲတွင် တောင်ကြီးမြို့ပေါ်ရပ်ကွက် (၂၂) ရပ်ကွက် အေးသာယာ၊ ရွှေညောင်မြို့နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ (၇၃) သင်း၊ ပါဝင်ယှဥ်ပြိုင်ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)