နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်ကောင်စီ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အားကစားပြိုင်ပွဲများအား ကြည့်ရှုအားပေး

နေပြည်တော် ဖေဖော်ဝါရီ ၁၃

၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်ကောင်စီ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အားကစားပြိုင်ပွဲနှင့် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ ထမနဲထိုးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံးဝင်းအတွင်းရှိ အားကစားကွင်း၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့မှ ထမနဲထိုးနေမှုနှင့် နေပြည်တော်ကောင်စီ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အာကစားပြိုင်ပွဲများ ပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ကျင်းပနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး အားကစားနည်းအလိုက် ဆုရရှိကြသူများကို ဂုဏ်ပြဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များနှင့်အတူ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်း၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ပါဝင်ပြသည့်  လုပ်ငန်း/စီးပွားချိတ်ဆက်မှုပြခန်း (Business Matching Hall)၌ ပြည်တွင်းဈေးကွက် ချိတ်ဆက်ရေးအတွက် လက်လီလက်ကားရောင်းချသူများနှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးနေမှုများ၊ မြန်မာနိုင်ငံဘဏ်များအသင်းပြခန်း၊ Digital Corner နည်းပညာပြခန်း၊ ကုန်ထုတ်သမဝါယမအသင်းများ၏ ထုတ်ကုန်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေးရာတွင် ပြခန်းများအလိုက် တာဝန်ရှိသူများက အသိပညာပေး လုပ်ငန်းဆောင်ရွက်မှုများ၊ ကုန်ကြမ်းရရှိမှုနှင့်သုံးစွဲမှု၊ ထုတ်ကုန်များထုတ်လုပ်မှု၊ ပြည်တွင်း၊ ပြည်ပဈေးကွက်ရရှိမှုများ၊ ပြည်တွင်း၊ ပြည်ပသို့ ဖြန့်ဖြူးရောင်းချမှု အ‌ခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ထုတ်ကုန်လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အတွက် လေ့လာဆောင်ရွက်နိုင်ရေးကို တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)