ပင်းတယမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြင်းမူးကျေးရွာ “သုတစုံလင် ဂန္ဓဝင်” စာကြည့်တိုက် အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပင်းတယ ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် မြင်းမူးကျေးရွာ “သုတစုံလင် ဂန္ဓဝင်”စာကြည့်တိုက် အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက် ၁၀ နာရီက မြင်းမူးကျေးရွာအုပ်စု၊ မြင်းမူးကျေးရွာရှိ အဆိုပါစာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြင်းမူးကျေးရွာအုပ်စု၊ မြင်းမူးကျေးရွာရှိ “သုတစုံလင်ဂန္ဓဝင်” စာကြည့်တိုက်အဆောက်အဦသစ်အား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး စာကြည့်တိုက်အဆောက်အဦသစ်အား လှည့်လှည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းအစီအစဉ်အား မြင်းမူးကျေးရွာအုပ်စု၊ မြင်းမူးကျေးရွာရှိ အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် “နိုင်ငံတော်အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတိုးပွားမှုရရှိစေရေးနှင့် လက်လှမ်းတမီစာပေဖတ်ရှုလေ့လာနိုင်စေဖို့ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီကို ဖွဲ့စည်းပြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိရာ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ ပံ့ပိုးမှုဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြင်းမူးကျေးရွာအုပ်စု၊ မြင်းမူးကျေးရွာမှာ စာကြည့်တိုက်အဆောက်အဦသစ်အား အောင်မြင်စွာဖြင့် တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့ဖွင့်လှစ်တဲ့ ‘သုတစုံလင်ဂန္တဝင်’ စာကြည့်တိုက်ကြီးကို ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးကြပါရန်နှင့် စာကြည့်တိုက်မှရရှိတဲ့ အသိပညာဗဟုသုတများကို အသုံးချ၍ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိကြပြီး မိမိရပ်ရွာဒေသမှသည် အမိနိုင်ငံတော်ကြီးရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ အရည်အသွေးပြည့်ဝသည့်  နိုင်ငံသူနိုင်ငံသားများအဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း” ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စာကြည့်တိုက်အတွက် ပေးအပ်ချီးမြှင့်ငွေကျပ် (၁၀)သိန်းအား မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌသို့ပေးအပ်ခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်  ဇနီးဒေါ်ခင်စန္ဒာစိုး၊ သားမောင်သူရလင်းတို့၏ လှူဒါန်းငွေများနှင့် စာကြည့်တိုက်အဆောက်အအုံသစ်မှတ်တမ်းအား ကျေးရွာစာကြည့်တိုက်ကြီးကြပ်မှုကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဥပဒေအရာရှိမှ စာကြည့်တိုက်အတွက် ဥပဒေရေးရာစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)