ဒဂုံမြောက် ဖေဖော်ဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် နို့တိုက်မိခင်များ၊ အသက်ငါးနှစ်အောက်ကလေးများ၏ အာဟာရအခြေအနေများ စမ်းစစ်ခြင်းလုပ်ငန်းများနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယဦးစီးမှူးဦးစိုးဝင်းထွန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူးဒေါက်တာ တင်မူမြင့်၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဗဟိုဥက္ကဋ္ဌဦးဌေးအောင်နှင့် မြန်မာနိုင်ငံကျန်းမာ ရေးမှူးအသင်း စီမံချက်အကြံပေးဒေါက်တာဌေးလွင်တို့က အမှာစကားများပြောကြားကြပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၊ စီမံချက်မန်နေဂျာဦးဇေယျာအောင်က လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက်တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြရာ စီမံချက်မန်နေဂျာမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ ကမ္ဘာ့ကလေးများရန်ပုံငွေ(UNICEF)အကူအညီဖြင့် Sustainable Nutriton for Dagon’s Periphery စီမံချက်ကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်များတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့အထိ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
မြင့်မြင့်ရီ