လယ်ဝေးမြိုနယ်၊ စံဝါအောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းကျင်းပ

လယ်ဝေး ဖေဖော်ဝါရီ ၁၂

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၏ စံဝါအောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း အခမ်းအနားကျင်းပသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်‌အေးမို့မို့မောင်က အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူးက လူငယ်စကားဝိုင်းကျင်းပခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ဦးစီးမှူးဒေါ်ဝေကြည်စန်းအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အ.ထ.က(ခွဲ)စံဝါအောင်း၊ Grade-7 မှ မောင်အာကာလမင်းထက်က လူငယ်နှင့်စာဖတ်ခြင်း၊ Grade-10 မှ မောင်ချမ်းပြည့်စုံက လူငယ်နှင့်ကျန်းမာ‌ရေး၊ Grade-10 မှ မစန္ဒာအေးက လူငယ်နှင့်မူးယစ်‌ဆေးဝါး၊ Grade-10 မှ မအိမွန်ကျော်က လူငယ်နှင့်ကိုယ်ကျင့်တရားစသည့်ခေါင်းစဥ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျောင်းသားကျောင်းသူလေးများက သိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာခေါင်းစဥ်အလိုက် ပြန်လည်ဖြေကြားပေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအား ကျောင်းသားကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

 ထိုက်ထိုက်(ပြန်/ဆက်)