လှည်းကူးပညာရေးဒီဂရီကောလိပ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျောင်းကောင်စီအသင်းလိုက်မြန်မာ့ရိုးရာ ထမနဲထိုး ပြိုင်ပွဲကျင်းပ

လှည်းကူး ဖေဖော်ဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျောင်းကောင်စီအသင်းလိုက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက လှည်းကူးပညာရေးဒီဂရီကောလိပ်၊ အားကစားကွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လှည်းကူးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး အမှတ်ပေးစည်းကမ်းချက်များအား ရှင်းလင်းပြောကြားကာ ပြိုင်ပွဲအားစတင်ခဲ့သည်။

အဆိုပါထမနဲထိုးပြိုင်ပွဲသို့ ပြိုင်ပွဲဝင်ကျောင်းကောင်စီအသင်း(၅)သင်းက ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆုရရှိသောအသင်းများအား လှည်းကူးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ကျောင်းသား/သူများကလည်း တိုင်းရင်းသားရိုးရာ အကပဒေသာများဖြင့်ကပြဖျော်ဖြေခဲ့သည်။ ထမနဲထိုးပြိုင်ပွဲသို့ လှည်းကူးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲထွန်းနောင်၊ ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း(၉၈၅)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)