တာချီလိတ် ဖေဖော်ဝါရီ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ထူးချွန်ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အောင်မြတ်ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ အလံတင်အခမ်းအနားကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။
ဆက်လက်၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့လာသည့် သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းကိုက ဖတ်ကြားသည်။
ထို့နောက် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးကျော်မင်းထွန်းနှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်ပေးအပ်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်နှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ရရှိခဲ့ကြသည့် လူပုဂ္ဂိုလ် ၁ ဦးနှင့် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်ပေးအပ်သည့် လူမှုထူးချွန်ဆုတံဆိပ်ရရှိကြသော လူပုဂ္ဂိုလ် ၈ ဦးတို့အား တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းသဘာဝဘေးဖြစ်စဉ်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ပြီး ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့မှ ရှမ်းရိုးရာအကများဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)