တောင်ဥက္ကလာပ ဖေဖော်ဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ အသိပညာပေးရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၆)ရပ်ကွက် ကေတုမတီလမ်းသီရိမြန်မာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် သင်္ဃန်းကျွန်းခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထူးလွင်က ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအား ရပ်ကွက်နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး၊ စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူများနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေတွင် အမျိုးသမီးများ စစ်မှုထမ်းရန် အကျုံးဝင်သော်လည်း အမျိုးသမီးပြည်သူစစ်မှုထမ်းရန်ဆင့်ခေါ်ရေး အစီအစဉ်မရှိသေးကြောင်း တရားဝင်ပြောကြားထားကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး တောင်ဥက္ကလာပမြို့နယ် ဥပဒေအရာရှိဦးထွန်းလင်းဦးက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တောင်ဥက္ကလာပမြို့နယ် ဥပဒေအရာရှိမှ ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် သင်္ဃန်းကျွန်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှသိန်းက ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေများနှင့် ဆောင်ရွက်လျှင် အခက်အခဲမရှိ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားပြီးမြောက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)