ဟိုပုံးမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ဟိုပုံး ဖေဖော်ဝါရီ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့ဦးကွက်သစ်ရပ်ကွက်ရှိ ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ပြိုင်ပွဲတွင် ပန်းသဇင်ဖူဆယ်အသင်းနှင့် MP Sport ဖူဆယ်အသင်းတို့ ယှဉ်ပြိုင်နေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးနေမျိုးလှိုင်နှင့် ဒေသအားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးသိန်းထိုက်နှင့်တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် ပန်းသဇင်ဖူဆယ်အသင်းနှင့် MP Sport ဖူဆယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ ပန်းသဇင်ဖူဆယ်အသင်းက MP Sport ဖူဆယ်အသင်းကို (၄)ဂိုး (၃)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြသည်။ ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းခိုင်ဦးက ဒုတိယဆုရရှိသည့် MP Sport ဖူဆယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းထိုက်က ပထမဆုရရှိသည့် ပန်းသဇင်ဖူဆယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးနေမျိုးလှိုင်က ပထမဆုရရှိသည့် ပန်းသဇင်ဖူဆယ်အသင်းအား ဒိုင်းဆုကိုလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်းသိရသည်။ အဆိုပါဖူဆယ်ပြိုင်ပွဲတွင် အသင်းပေါင်း(၁၁)သင်းဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဖေဖော်ဝါရီလ(၈)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၁)ရက်နေ့အထိ ကျင်းပခဲ့ကြကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)