ပေါင် ဖေဖော်ဝါရီ ၁၂
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ်(၉၁.၈)သန်းဖြင့် အလှပ်(ရွာသစ်)ကျေးရွာ ကတ္တရာထပ်ပိုးလွှာလမ်း အရှည်(၂၄၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၃)လက်မဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက အဆိုပါလမ်း၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာသထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲနိုင်က သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်ကချမှတ်ထားတဲ့မူဝါဒ ပန်းတိုင်များနှင့်အညီကျေးလက်ဒေသဖွံ့ဖြိုးရေး၊ မြို့ပြနှင့်ကျေးလက်ဒေသကွာဟမှုကျဥ်းမြောင်းရေး၊ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချစေရေးတို့ကို အထူးအလေးထားကာ ရှေ့လုပ်ငန်းစဥ်(၅)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်မှူးဒေါ်သီတာဝင်းစံကလုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံတစ်ဦးကကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက်ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လတ်က လုပ်ငန်းလွှဲပြောင်းမှတ်တမ်းလွှာကို အလှပ်ကျေးရွာအုပ်ချုပ်ရေးမှူးဦးသိန်းတင်အား ပေးအပ်ခဲ့သည်။
ထို့နောက် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးစိုးပိုင်၊ သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်သီတာဝင်းစံ၊ ပေါင်မြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အလှပ်ကျေးရွာအုပ်ချုပ်ရေးမှူးဦးသိန်းတင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကတ္တရာထပ်ပိုးလွှာလမ်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)