ဆံတော်ရှင်မြသပိတ်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

သထုံ ဖေဖော်ဝါရီ ၁၂

မွန်ပြည်နယ်၊ သထုံမြို့၊ သိင်္ဂနိတ်တောင်ထိပ်ရှိ ဆံတော်ရှင်မြသပိတ်စေတီတော်မြတ်ကြီး၏ (၆၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့သည့် မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၅ နာရီအချိန်က မြသပိတ်တောင်ခြေရှိ သုဝဏ္ဏဘူမိဆုတောင်းပြည့်နှီးဘုရားကြီးအနီး၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုးက ပြိုင်ပွဲဝင်ရောက်ခဲ့သည့်အသင်းတို့အား ဂုဏ်ပြုအမှာစကားပြောကြားပြီး မြသပိတ်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်က ပြိုင်ပွဲကျင်းပပေးရသည့် ရည်ရွယ်ချက်နှင့် ဆုရွေးချယ်အကဲဖြတ်ပေးခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ဇော်မိုးစိုး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် အကဲဖြတ်ဒိုင်အဖွဲ့တို့က မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲ ဆုရရှိကြသည့်အသင်းတို့အား ဂုဏ်ပြုဆုနှင့်ဆုဖလားတို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာတို့မှ အသင်း(၁၃)သင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုအား အောက်ကျင်းရပ်ကွက်အသင်း၊ ဒုတိယဆုအား ကွန်ပျူတာတက္ကသိုလ်(သထုံ)အသင်းနှင့် တတိယဆုအား နောင်ကုလားကျေးရွာ ဖောင်တော်သီဝတ်အဖွဲ့အသင်းတို့ ရရှိခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်