(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တပ်ကုန်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

တပ်ကုန်း ဖေဖော်ဝါရီ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ ကျင်းပယှဉ်ပြိုင်လျက်ရှိရာ ဘုရင့်နောင်ရပ်ကွက်အသင်းနှင့် အနော်ရထာရပ်ကွက်အသင်းတို့ ဗိုလ်လုပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက မြို့နယ်အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည်။

အဆိုပါပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဘုရင့်နောင်ရပ်ကွက်အသင်းက အနော်ရထာရပ်ကွက်အသင်းကို သုံးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဒိုင်းဆုအား ဘုရင့်နောင်ရပ်ကွက်အသင်းက ဆွတ်ခူးနိုင်ခဲ့ပြီး ပြိုင်ပွဲ ပွဲစဥ်များတွင် ရပ်ကွက်၊ ကျေးရွာများမှ အသင်းရှစ်သင်းပါဝင်၍ အုပ်စုပတ်လည်ကစားခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲတစ်လျှောက်လုံး အကောင်းဆုံး ဂိုးသမားဆု၊ နောက်တန်းဆု၊ အလယ်တန်းဆု၊ ရှေ့တန်းဆုနှင့်တတိယဆု၊ ဒုတိယဆု၊ ပထမဆုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လင်းထွန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော် MSME အသင်းဒုတိယဥက္ကဋ္ဌ ဦးကျော်စိုးလွင်၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်းမင်းစိုးနှင့်ဘောလုံးပြိုင်ပွဲဆပ်ကော်မတီဝင်များနှင့်တာဝန်ရှိသူများက ဆုတံဆိပ်၊ ဆုငွေနှင့် ဒိုင်းဆုဖလားတို့အား ချီးမြှင့်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

တင်စိုးလွင်