ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ရာ ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့သည်။
အဆိုပါစကားဝိုင်းတွင် နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်သင်းသင်းဇင်က အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကား ပြောဆိုတတ်စေရန်၊ လူငယ်များ နားထောင်ပြီး အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန် ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များ ရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်နီလာစိုးကဆောင်ရွက်ပြီး အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းမှ မောင်ဝေယံမင်းခန့် (Grade-10)က လူငယ်နှင့်ယဥ်ကျေးမှု ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်မင်းဉာဏ်သန့်စင် (Grade-10)က လူငယ်နှင့်အားကစား ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မသွန်းရတီစိုး (Grade-10)က လူငယ်နှင့်စာရိတ္တ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မရွှန်းအိသွယ် (Grade-7) က လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မမြတ်သောခင် (Grade-10)က လူငယ်နှင့်ပညာရေး ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များ၊ လူငယ်ရေးရာနှင့်သက်ဆိုင်သည့် အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်/စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)