သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေး ပထမနှစ်ဘီဒီအက်စ်(၁၁/၂၀၂၄)သင်တန်း  မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ

ချမ်အေးသာစံ ဖေဖော်ဝါရီ ၁၂

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေး၊ ပထမနှစ်ဘီဒီအက်စ်(၁၁/၂၀၂၄)သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ အဆိုပါတက္ကသိုလ်ရွှေဇမ္ဗူရစ်ရွှေစင်ခန်းမကျင်းပရာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သွားဘက်ဆိုင်ရာဆေး တက္ကသိုလ်-မန္တလေးမှ ပါမောက္ခချုပ်နှင့် ဆေးဘက်ဆိုင်ရာနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊‌ ဆရာမများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီးကျောင်းသား ကျောင်းသူများက အားတက်ခိုင်မာ သွားဘက်ဆိုင်ရာ သီချင်းဖြင့် ဂုဏ်ပြုသီဆို ကပြ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

အခမ်းအနား၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးကအဖွင့်အမှာစကားပြောကြားပြီးနောက် ဒုတိယနှစ်ဘီဒီအက်စ် (၁၂/၂၀၂၄)ကျောင်းသူတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ပထမနှစ်ဘီဒီအက်စ်(၁၁/၂၀၂၄)ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားကိုလည်းကောင်း ပြောကြားခဲ့ကြသည်။

၎င်းနောက် ကျောင်းသားကျောင်းသူများ၏ အက၊ အလှများ၊ တေးသီချင်းများဖြင့် ကပြဖျော်ဖြေသီဆိုမှုများကို ကြည့်ရှုအားပေးပြီးနောက် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကပြဖျော်ဖြေခဲ့ကြသည့်အဖွဲ့အား ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကြောင်းနှင့် အခမ်းအနားဒုတိယပိုင်းကို အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်