ဟိုပုံးမြို့နယ် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ တက်ရောက်အားပေး

ဟိုပုံး ဖေဖော်ဝါရီ ၁၂

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ဒေသအားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပသည့် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့ ညနေ (၄) နာရီအချိန်က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးရှေ့ရှိ ကျောက်တိုင်ကွင်းတွင် ကျင်းပသည်။

အဆိုပါ ဘောလီဘောပြိုင်ပွဲကို ဖေဖော်ဝါရီလ (၉) ရက်နေ့မှ (၁၁) ရက်နေ့အထိ  ကျင်းပခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းအသင်း ၆ သင်းပါဝင်ယှဉ်ပြိုင်ကာ၊ ဗိုလ်လုပွဲတွင် ပြိုင်ပွဲတစ်ပွဲလျှင်အမှတ် (၂၅) မှတ်နှုန်းဖြင့်  လွင်ပွဲရုံအသင်းနှင့် ဒေသနတလအသင်းတို့ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ဒေသနတလအသင်းက ပြိုင်ပွဲပွဲစဉ် (၄) ပွဲတွင် (၃) ပွဲအနှိုင်ရရှိကာ ပထမဆုရရှိသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအားကျင်းပရာ ဒုတိယဆုရရှိသည့် လွင်ပွဲရုံအသင်းအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဌေးအောင်က ဆုတံဆိပ်နှင့် ချီးမြှင့်ငွေအားလည်းကောင်း၊ ပထမဆုရရှိသည့် ဒေသနတလအသင်းအား ဟိုပုံးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဝင်းနိုင်ဦးက ဆုတံဆိပ်နှင့် ချီးမြှင့်ငွေအားလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ (အဖွဲ့ဝင်) ဦးနေမျိုးလှိုင်က တံခွန်ဆိုဒ်ဖလားအားလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)