ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအကြောင်း ရှင်းလင်းဆွေးနွေး

ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်နေပြည်သူများအား ပြည်သူ့စစ်မှုထမ်းခေါ်ယူရေးကိစ္စရပ်များနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန်၊ ရှင်းရှင်းလင်းလင်း သိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများအား အသိပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လည်ပိုင်းက ခနောင်တို အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေပါအချက်များအား ရပ်ကွက်နေပြည်သူများ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်စေရန် ပရိုဂျက်တာဖြင့် ပြသ၍ အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး၊ တက်ရောက်လာသည့် ရပ်မိရပ်ဖများနှင့် ရပ်ကွက်နေပြည်သူများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားပေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ပြီး၊ ကျန်ရှိသောရပ်ကွက်များတွင်လည်း ယခုကဲ့သို့ ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေအကြောင်း အသိပေးရှင်းလင်းဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)