သံဖြူဇရပ် ဖေဖော်ဝါရီ ၁၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသီက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုစိတ်ဓာတ်နှင့် ပြည်ထောင်စုကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေး အစဥ်ထိန်းသိမ်းရန်လိုအပ်ကြောင်း စသည်တို့ကို ဆွေးနွေးဟောပြောပြီး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပြည်ထောင်စုနေ့အကြောင်းဥာဏ်စမ်းဖြေဆိုပြိုင်ပွဲများကို ပြုလုပ်ပေးကာ ထူးချွန်ကျောင်းသားကျောင်းသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်ထောင်စုနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)