ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ သီတဂူစက္ခုဒါနဆေးရုံတွင် (၁၀)ကြိမ်မြောက် အခမဲ့သီတဂူ မျက်စိအထူးကု အစီအစဉ်ဖြင့် မျက်စိဝေဒနာရှင်များအား ကုသပေး

ဒဂုံမြောက် ဖေဖော်ဝါရီ ၁၁

အဘိဓဇမဟာရဋ္ဌဂုရုသောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီး၏ ဦးဆောင်မှုဖြင့် သီတဂူမျက်စိ အထူးကုအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်( မြောက်ပိုင်း) မြို့နယ်၊ ဘေလီတံတားအဆင်းရှိ သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိဝေဒနာရှင်များကို ဖေဖော်ဝါရီ  ၁၀ ရက်နေ့ နေ့လယ်ပိုင်းမှစတင်၍ အခမဲ့စမ်းသပ်စစ်ဆေးခွဲစိတ်ကုသ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် မျက်စိအထူးကုအစီအစဉ်သည် (၁၀)ကြိမ်‌မြောက်ဖြစ်သည်။ မျက်စိကုသရန် ကြိုတင်စာရင်းပေးထားသူ  ဦးရေ ၂၀၀၀  ကျော်ခန့်ရှိပြီး ဖေဖော်ဝါရီ  ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တစ်နေ့လျှင် ၅၂၀ ဦးခန့်ကို မနက်ပိုင်း၊ နေ့လယ်ပိုင်း နှစ်သုတ်ခွဲ၍ စမ်းသပ်ပေးသွားမည်ဖြစ်သည်။

ယခုအကြိမ် မျက်စိအလင်းအလှူကို ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် စတင်စမ်းသပ်‌ပေးမည်ဟု ကြေညာထားသော်လည်း လူနာများပြားခြင်းကြောင့်  ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက စတင်စမ်းသပ်ပေးခြင်းဖြစ်သည်။ (၁၀) ကြိမ်မြောက် သီတဂူစက္ခုဒါန-သီတဂူမျက်စိ အလှူတော် အစီအစဉ်ကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၌ သီတဂူအဖွဲ့က မြန်မာနိုင်ငံ အရပ်မျက်နှာအသီးသီးမှ မျက်စိဝေဒနာရှင်များအား ကြည့်ရှုစစ်ဆေးစမ်းသပ် ခွဲစိတ်ကုသခြင်းလုပ်ငန်းများကို အခမဲ့စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။

ကျေးဇူးရှင်သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ (၉) ကြိမ်မြောက်အထိ အခမဲ့မျက်စိအလင်းအလှူတွင် မျက်စိအထူးကုဆရာဝန်ကြီးများ၊ သူနာပြု၊ အကူသူနာပြု၊ ကြက်ခြေနီ၊ အထောက်ကူပြု၊ ဝေယျာဝစ္စအဖွဲ့နှင့် အလှူရှင်တို့၏ ပူပေါင်းပါဝင် ကုသိုလ်ပြုခြင်းဖြင့် မျက်စိဝေဒနာရှင် ၁၁၃၆၄ ဦးအား စမ်းသပ်ပေးခြင်း၊ ၃၅၄၄ ဦးအား ခွဲစိတ်ကုသပေးခြင်း၊ ၂၁၅ ဦးအား လေဆာဖြင့်ကုသပေးခြင်း၊ စုစုပေါင်း ၃၇၅၉ ဦးအား မျက်စိအလင်းဖွင့်ပေးနိုင်ခဲ့ပြီးဖြစ်သည်။

မြင့်မြင့်ရီ(ပြန်/ဆက်)