မရမ်းကုန်းမြို့နယ်တွင် သက်ကြီးအာစရိယ ပူဇော်ပွဲကျင်းပ

မရမ်းကုန်း ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စန္ဒိမာခန်းမ၌ ယမန်​နေ့နံနက်(၁၀)နာရီက (၂၉)ကြိမ်မြောက်သက်ကြီးအာစရိယပူဇော်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပင့်ဖိတ်ထားသောသံဃာတော်များမှ တရားရေအေးတိုက်ကျွေးခဲ့ပြီး ကွယ်လွန်သွားခဲ့ကြသော ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသား/ ကျောင်းသူများအား ရည်စူး၍ရေစက်ချအမျှပေးဝေခဲ့ကြောင်း သိရှိရသည်။

ထို့နောက် သက်ကြီးအာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီနာယက ဒေါ်ခင်မြက အဖွင့်အမှာစကားပြောကြားခြင်း၊ ဥက္ကဋ္ဌဦးကျော်သူဟန်က ကျေးဇူးတင်စကားနှင့် ပူဇော်ပွဲဖြစ်မြောက်နိုင်ရေး လုပ်ဆောင်ချက်များ၊ အတွင်းရေးမှူးဦးအောင်မြတ်ကျော်က ရန်ပုံငွေလည်ပတ်ပုံအကြောင်း အသီးသီးပြောကြားခဲ့ပြီးနောက် ကြွရောက်လာကြသော ကန်တော့ခံဆရာ/ဆရာမကြီးများအား ကန်တော့ချိုးဖြင့်ညီညာစွာရှိခိုးကန်တော့ခဲ့ကြပြီး ပူဇော်ကန်တော့ငွေနှင့်လက်ဆောင်ပစ္စည်းများဖြင့် ကန်တော့ခဲ့ကြကြောင်းသိရှိရသည်။

ဆက်လက်၍ ကန်တော့ခံဆရာ/ဆရာမကြီးများ ကိုယ်စား ဆရာမကြီးဒေါ်စိုးစိုးမှ ကျေးဇူးတင်ဆုံးမစကားများ၊ ကျောင်းသားဟောင်းဦးခင်မောင်ထွန်းမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ဥက္ကဋ္ဌ ဦးကျော်သူဟန်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဝေယံ