မော်လမြိုင်မြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မော်လမြိုင် ဖေဖော်ဝါရီ ၁၁

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေးအတွက် သိရှိလိုက်နာရမည့် အချက်များနှင့် ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန် အားလပ်ချိန်များတွင် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုရန်အချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်ပိုစတာများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသူများအား (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စည်သု (ပြန်/ဆက်)