လှိုင်မြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

လှိုင် ဖေဖော်ဝါရီ ၁၁

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် လှိုင်မြို့နယ်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြော‌ပွဲနှင့် လက်ကမ်းစာစောင်များအခမဲ့ ဖြန့်‌ဝေပေးခြင်းကို အ.မ.က(၂၃)မူလွန်ကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းကပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်-၂ ဦးဇော်ဇော်နိုင်က(၇၈)နှစ်မြောက် ပြည်‌ထောင်စုနေ့နှင့် ပတ်သက်၍ ဟောပြောရာတွင် "၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ ကိုယ်စားလှယ် ၂၃ ဦးတို့သည် တိုင်းရင်းသား သွေးစည်းမှုအဆောက်အအုံကို တည်ဆောက်ပေးသည့် တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူညီသော ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးကြသည်။ ယင်းသို့ တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ကို "ပြည်ထောင်စုနေ့" ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့သည်မှာ ယနေ့အထိဖြစ်ကြောင်း ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် အထိမ်းအမှတ်နေ့များကို အမှတ်တရရှိစေရန် ဟောပြောပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဖတ်ရှုမှတ်သားနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ဇော်နိုင် (ပြန်/ဆက်)