ရန်ကုန် ဖေဖော်ဝါရီ ၁၁
၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သန်လျင်ခရိုင် သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သော မင်္ဂလွန်းကျေးရွာ ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီတွင် အဆိုပါလမ်းသစ်ရှင်းလင်းဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်းက ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ရပ်မိရပ်ဖ ဦးလှထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ ကျေးရွာကုန်ထုတ်လမ်းသစ်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်း၊ မင်္ဂလွန်းကျေးရွာရပ်မိရပ်ဖဦးခိုင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမှတ်တရဓာတ်ပုံရိုက်ကူး၍ လမ်းသစ်အားဖြတ်သန်းကြည့်ရှုကြသည်။
အဆိုပါမင်္ဂလွန်းကျေးရွာကုန်ထုတ်လမ်းမှာ မြေသားဂဝံအမျိုးအစားဖြစ်ပြီး လမ်းအတိုင်းအတာမှာ ၂/၂.၉၃ မိုင်အကျယ် ၁၂ ပေရှိကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြိုးသီဟ (ပြန်/ဆက်)