ရန်ကုန် ဖေဖော်ဝါရီ ၁၁
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာ ကျေးရွာအဝင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီတွင် အဆိုပါလမ်းထိပ်ရှိ မဏ္ဍပ်၌ ကျင်းပပြုလုပ်သည်။
အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး (မြို့ပြ) ဦးသက်ဇော်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြသည် ထို့နောက် ရပ်မိရပ်ဖဦးဝင်းဌေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက်မင်္ဂလာအချိန်တွင် ကျေးရွာအဝင် ကွန်ကရစ်လမ်းသစ်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသက်ဇော်၊ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူး၍ ကွန်ကရစ်လမ်းသစ်အား ဖြတ်သန်းကြည့်ရှုကြသည်။
အဆိုပါကျေးရွာအဝင် ကွန်ကရစ်လမ်းသစ်မှာ အရှည်ပေ (၃၃၈၇) ပေရှိပြီး တိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည်။
ဖြိုးသီဟ (ပြန်/ဆက်)