ဇေယျာသီရိမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲ ကျင်းပ

ဇေယျာသီရိ ဖေဖော်ဝါရီ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိ လာပြီဖြစ်သဖြင့် ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့်သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဥတ္တရခရိုင် မီးသတ်ဦးစီးမှူး ဦးစိုးသက်နောင်က မီးဘေးအန္တရာယ် လုံခြုံကာကွယ်ရေး အသိပညာပေးဆွေးနွေးရခြင်း ရည်ရွယ်ချက်များ၊ မီးလောင်မှုအခြေခံသဘောတရားများ၊ မီးငြှိမ်းသတ်ခြင်းစနစ်များ၊ မီးအတန်းအစားခွဲခြားခြင်းများ၊ လျှပ်စစ်မီးလောင်မှုဖြစ်စေသည့် အဓိကအကြောင်းအရင်းများ၊ လျှပ်စစ်ဝါယာလျှော့မဖြစ်အောင် ကာကွယ်ရမည့်နည်းလမ်းများ၊ မီးကိုမပေါ့ဆကြရန်နှင့် မီးလောင်ပါက ပစ္စည်းဆုံးရှုံးမှုသာမက အသက်အိုးအိမ်များပါ ပျက်စီးဆုံးရှုံးတတ်ကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် လက်တွေ့မီးငြှိမ်းသတ်ခြင်းလေ့ကျင့်မှုများကို ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမင်းသူက ဦးဆောင်၍ ရိုးရိုးမီး၊ ဆီမီး၊ Gas မီးလောင်မှုများကို လက်တွေ့ငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး၊ မီးသတ်ပိုက်ဖြင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသ၍ လက်တွေ့ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့သည်။

ဆက်လက်၍ ဥတ္တရခရိုင် မီးသတ်ဦးစီးမှူး ဦးစိုးသက်နောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦဇေထက်အောင်နှင့် တာဝန်ရှိသူများက ကျည်တောင်ကျေးရွာအတွင်း မီးဘေးကြိုတင်ကွယ်ရေး စစ်ဆေးအကြံပေးခြင်း၊ အရေးပေါ်မီးသတ် တယ်လီဖုန်းနံပါတ်များ ဖြန့်ဝေပေးခြင်း၊ မီးဖိုအသုံးပြုသည့် နေအိမ်များနှင့် အခြားမီးသုံးစွဲသည့် နေအိမ်များအား  မီးများစနစ်တကျသုံးစွဲရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်ချက်များအား လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)