ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ပြသ

ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၁ နာရီက အမှတ် (၂၀) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းဆွေဆွေအေးက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား   ရှင်းလင်းပြောကြားခဲ့ပြီးနောက်  ဟောပြောပွဲကို    ဆက်လက်ပြုလုပ်ရာ "လူငယ်နှင့်ပြည်ထောင်စုစိတ်ဓာတ်"၊ "လူငယ်နှင့်စာပေ"၊ လူငယ်နှင့်ယဉ်ကျေးမှု" စသည့် ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်နန်းဆွေဆွေအေးက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ အဆိုပါဟောပြောပွဲသို့ အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၆၀)ဦးခန့်  တက်ရောက်ခဲ့ကြောင်း သိရသည်။

နန်းရွှေရတီ(ပြန်/ဆက်)