နမ့်စန်(တ) ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဂုဏ်ပြုသောအားဖြင့်ပြုလုပ်သော (၄)ခရိုင်အမျိုးသား (အလွတ်တန်း)ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၂ နာရီခွဲက မြို့နယ်ကျောက်တိုင် အားကစားကွင်းအတွင်းတွင် ကျင်းပခဲ့သည်။
နောက်ဆုံးဗိုလ်လုပွဲအဖြစ် လွိုင်လင်မြို့နယ် ဘောလုံးအသင်းနှင့် နမ့်စန်မြို့နယ်(ခ) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နမ့်စန်မြို့နယ်(ခ)အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ နေရာအလိုက်အကောင်းဆုံးဆုရ အားကစားသမားများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရအားကစားသမားဆုများကို နမ့်စန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့်ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် တတိယဆုရရှိသော ကျိုင်းတောင်းမြို့ဘောလုံးအသင်းအား အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် သန်းထွန်းအောင်က တစ်ဦးချင်းဆုဆွဲပြားများနှင့် ဆုငွေ(၁၅)သိန်းကျပ် ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒုတိယဆုရရှိသော လွိုင်လင်မြို့နယ် ဘောလုံးအသင်းကို အရှေ့ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်က တစ်ဦးချင်းဆုဆွဲပြားများနှင့် ဆုငွေကျပ်သိန်း(၂၀)ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက ပထမဆုရရှိသော နမ့်စန်မြို့နယ်(ခ) ဘောလုံးအသင်းအား တစ်ဦးချင်းဆုဆွဲပြားများ၊ ဆုငွေ (၂၅)သိန်းကျပ်နှင့် ပထမဆုဖလားကြီးကိုပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ (၄)ခရိုင်အမျိုးသား(အလွတ်တန်း)ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ ၆ ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး နမ့်စန်ခရိုင်၊ လင်းခေးခရိုင်၊ လွိုင်လင်ခရိုင်နှင့် မိုင်းရှူးခရိုင်အတွင်းရှိ မြို့နယ်များမှ စုစုပေါင်း(၁၄)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)