ကျောက်ဆည်ခရိုင်တွင် ပြည်သူများ စားသုံးဆီအခက်အခဲမရှိရေး စားအုန်းဆီများ ရောင်းချပေး

ကျောက်ဆည် ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ကျောက်ဆည်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းပြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူများ စားသုံးဆီအခက်အခဲ မရှိစေရေး နေ့ရက်အလိုက် အလှည့်ကျ သတ်မှတ်ရည်ညွှန်းဈေးများဖြင့် ယမန့်နေ့က ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ကျောက်ဆည်၊ စဉ့်ကိုင်မြို့နယ်များနှင့် ကူမဲ၊ ပလိပ်မြို့နယ်ခွဲများတွင် ဆီဝယ်စာအုပ်တစ်အုပ် စားအုန်းဆီ (၂)ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ထိုသို့ရောင်းချပေးသော စားအုန်းဆီများကို Resources Group Trading Co,Ltd မှ သတ်မှတ်ရည်ညွှန်းဈေး တစ်ပိဿာ ငွေ (၇၁၆၅)ကျပ်ဖြင့် ဝယ်ယူခဲ့ပြီး ကျောက်ဆည်မြို့နယ် တောင်တော်ကျေးရွာ၊ ဈေးတန်းရပ်ကွက်၊ အေးမြကြည်လင်ရပ်ကွက်၊ ဖောင်ရွာရပ်ကွက်၊ ဆေးဝါးစက်ရုံ(အင်ရောင်း)တို့တွင် စားအုန်းဆီ (၁၂၂၃)ပိဿာကိုလည်းကောင်း၊ စဉ့်ကိုင်မြို့နယ် ကသဲစု၊ ဝါးရင်းဒုတ်၊ မုန့်ပေါင်းကျေးရွာများတွင် စားအုန်းဆီ (၅၅၀)ပိဿာကိုလည်းကောင်း၊ ပလိပ်မြို့နယ်ခွဲ တစ်ဘက်ဆွဲကျေးရွာနှင့် ပလိပ်ရွာမနှင့် ဘူတာဈေးတန်းရပ်ကွက်များတွင် စားသုံးဆီ(၅၅၀)ပိဿာကိုလည်းကောင်း၊ ကူမဲမြို့နယ်ခွဲ  အမှတ်(၄) ရပ်ကွက်တွင် စားအုန်းဆီ (၂၈၀)ပိဿာအား စားအုန်းဆီ တစ်ပိဿာ ငွေ(၈၃၁၅)ကျပ်ဖြင့် အသီးသီး ရောင်းချပေးခဲ့ကြောင်း ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ သိရသည်။

သက်မောင် (ပြန်/ဆက်)