မြစ်သား ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက်(၉) နာရီအချိန်က အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြစ်သားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်က စစ်တုရင်ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် စစ်တုရင်ကစားနည်းသည် လူငယ်များ၏ စဉ်းစားတွေးခေါ်နိုင်မှုနှင့် ဉာဏ်ရည် ဉာဏ်သွေးတိုးတက်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ခြင်းကို အထောက်အကူပြုစေသည့် အားကစားနည်းတစ်မျိုးဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ငါးဆူ အ.မ.က ကျောင်းအုပ်ဆရာကြီး ဦးဇော်သိန်းက စစ်တုရင်ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့ကာ လူငယ် လူရွယ်များအား (က)၊ (ခ) အသင်းခွဲ၍ပြိုင်ပွဲဝင် (၁၆) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။ပြိုင်ပွဲတွင်ဆုရရှိသူများဖြစ်သည့် ပထမဆု မောင်မင်းခန့်သူ၊ ဒုတိယဆု မောင်မင်းသူရကျော်၊ တတိယဆု မောင်ဇွဲထက်နိုင်နှင့် နှစ်သိမ့်ဆုရရှိသည့် မောင်ရဲကိုနောင်တို့ကို (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားတွင် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စစ်တုရင်ပြိုင်ပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြစ်သားမြို့ မရဲစခန်းမှူး ဒုရဲမှူး လင်းလင်းထွန်း၊ မြို့နယ်မီး သတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်မင်းကျော်၊ အမှတ်ပေးဒိုင်အဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းရွှေကြည်နှင့်အသင်းအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်လူငယ် လူရွယ်များတက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)