ကျွန်းစု ဖေဖော်ဝါရီ ၁၁
မြန်မာနိုင်ငံတစ်ဝန်းလုံးမှ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းရရှိသည့် အလှူငွေများထဲမှ သိန်း ၁၅၀ ကျပ်နှင့် ဒေသခံအလှူရှင်များ လှူဒါန်းငွေကျပ် ၁၀၃ သိန်း၊ စုစုပေါင်း ၂၅၃ သိန်းကျပ်ဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာရှိ “အားသစ်ဝေ” စာကြည့်တိုက်အသစ်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာ၊ ကျောင်းအုပ်ကြီး ဒေါ်ခင်သန်းဌေး၊ ပြည့်ဖြိုးထွန်းအင်တာနေရှင်နယ်ကုမ္ပဏီ မန်နေဂျာ ဦးမိုးကျော်ဟန်နှင့် ကျေးရွာရပ်မိရပ်ဖ ဦးအင်ကြွယ်တို့က “အားသစ်ဝေ” စာကြည့်တိုက်အဆောက်အအုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ယင်းနောက် “အားသစ်ဝေ” စာကြည့်တိုက် ကဗ္ဗည်းမော်ကွန်းအား တာဝန်ရှိသူများက အမွှေးနံ့သာများ ပက်ဖျန်း၍ စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထိုနောက် အ.ထ.က ကတ္တလူကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကပြဖျော်ဖြေခဲ့ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက စာကြည့်တိုက်ရှည်တည်တံ့ခိုင်မြဲရေးအကြောင်း အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် စာကြည့်တိုက်နှင့်ပတ်သက်သည့်အချက်အလက်များ၊ စာအုပ်စာစောင်များနှင့် အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာများအား ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ရာ “အားသစ်ဝေ” စာကြည့်တိုက် ကော်မတီဝင်များက လက်ခံရယူခဲ့ပြီး ကျေးရွာနေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက အကအလှများဖြင့်ကပြဖျော်ဖြေခဲ့ရာ တက်ရောက်လာသူများက ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အဆိုပါ “အားသစ်ဝေ” စာကြည့်တိုက်သည် အလျား ၂၅ ပေ၊ အနံ ၂၂ ပေ ရှိပြီး သုတစာအုပ် ၂၇၁ အုပ်နှင့် ရသစာအုပ် ၁၃၆ အုပ်၊ စုစုပေါင်း ၄၀၇ အုပ်ရှိကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)