ငါန်းဇွန်မြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူလတန်း၊ အလယ်တန်းဆင့် ကျောင်းသား/ ကျောင်းသူများ စာစီစာကုံး၊ ကဗျာရေးစပ်နှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

ငါန်းဇွန် ဖေဖော်ဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူလတန်း၊ အလယ်တန်းဆင့် ကျောင်းသား/ကျောင်းသူများ စာစီစာကုံး၊ ကဗျာရေးစပ်နှင့် ပန်းချီပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲများတွင် ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်း၊ အလယ်တန်း ဆင့် ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ကြရာ မူလတန်းဆင့် စာစီစာကုံးပြိုင်ပွဲ၌ (၉)ဦး၊ ကဗျာရေးစပ် ပြိုင်ပွဲ၌ (၃၇)ဦးနှင့် ပန်းချီပြိုင်ပွဲ၌ (၂၆)ဦး၊ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ၌ (၈)ဦး၊ ကဗျာရေးစပ်ပြိုင်ပွဲ၌ (၁၅)ဦးနှင့် ပန်းချီပြိုင်ပွဲ၌ (၁၀)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး အဆိုပါ ပြိုင်ပွဲများအပြီးတွင် ပထမ၊ ဒုတိယ၊ တတိယ ဆု ရရှိသူ ကျောင်းသား/ သူများအား ဦးစီးအရာရှိ ဒေါ်နေခြည်ဦး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း/ အမျိုးသမီးရေးရာဥက္က ဒေါ်မြင့်မြင့်ခိုင်နှင့် အသင်း/အဖွဲ့ဝင်များက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါပြိုင်ပွဲများသို့ တက်ရောက်လာသည့် ဆရာမများနှင့် ကျောင်းသား/သူများသည် ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များကိုလည်းကောင်း၊ ပြန်/ဆက်ရုံးရှေ့၌ ပြသထားသော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်စဉ်ဘဝမှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံရေးလှုပ်ရှားမှုများနှင့် ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသူများ၏ မှတ်တမ်းဓာတ်ပုံများပါဝင်သည့် နံရံကပ်စာစောင်ကိုလည်းကောင်း၊ စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။              

သက်နောင်ဦး(ငါန်းဇွန်)