မိုင်းယန်းမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြော

မိုင်းယန်း ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျေးရွာဒေသခံ တိုင်းရင်းသားပြည်သူများအား သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ  အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့က မိုင်းလွေကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးသူက အဖွင့်အမှာစကားပြောကြားပြီး ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးစောလှမင်းက မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ ဆိုးကျိုးများနှင့် ဖြစ်ပေါ်လာစေနိုင်သော ရောဂါများ၊ လူသားများနှင့်ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုနှင့် ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေး သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယဦစီးမှူး ဦးရဲဘုန်းပိုင်က သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆိုင်ရာ အဓိကအကြောင်းအရင်းများနှင့် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းဟောပြောသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရန်မျိုးအောင်က မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မီးလောင်မှုမဖြစ်ပေါ်စေရန်အတွက် ကျေးရွာနေပြည်သူများအနေဖြင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပေးနှိုးဆော်ချက်များ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အကြံပြုချက်များအား လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး