တောင်ကြီးမြို့နယ်၌ ကွန်ပျူတာတက္ကသိုလ်အဝင် ကတ္တရာလမ်းသစ်ဖွင့်လှစ်

တောင်ကြီး ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်​ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၌ ယမန်နေ့ နံနက် ၈ နာရီက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂ဝ၂၄-၂ဝ၂၅ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကွန်ပျူတာတက္ကသိုလ်အဝင် ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း လမ်းတံတားများနှင့် ကတ္တရာလမ်းသစ်ဆောင်ရွက်ခဲ့မှုများအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမျိုးမင်းသန့်မှ ရှင်းလင်းတင်ပြ၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် ပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်ဇံ တို့က လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ 

ယင်းနောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ကတ္တရာလမ်းသစ်ဖွင့်ပွဲ အမှတ်တရလက်ဆောင်များအား နေရာအရောက်ပေးအပ်ပြီး တာဝန်ရှိသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး ကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကွန်ပျူတာတက္ကသိုလ်အဝင်လမ်းသည် လမ်းဦးစီးဌာနပိုင် တောင်ကြီး-ကျိုင်းတုံ လမ်းမကြီးနှင့် ချိတ်ဆက်နေပြီး စုစုပေါင်း လမ်းအရှည်(၀/၄)မိုင်ရှိပြီး ကွန်ကရစ်လမ်း (၀/၁)မိုင်၊ မြေသားလမ်း (၀/၃)ရှိ၍ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် (၀/၃မိုင်)၊ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်(ဖြည့်စွက်) ရန်ပုံငွေဖြင့် ၅ ပေ ကျောက်ရိုးစီ Box Culvert (၂) စင်း ဆောင်ရွက်ရန် လျာထားဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လမ်းဖွင့်လှစ်ပေးမှုကြောင့် နောင်လေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၂) ရွာ၊ လူနေအိမ်ခြေ (၈၅၀) ကျော်၊ လူဦးရေ (၃၅၀၀) ကျော်နှင့် ကွန်ပျူတာတက္ကသိုလ် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ကြောင်း သိရသည်။

ကျော်ဇင်၊ ပြည်နယ်(ပြန်/ဆက်)