(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါ့ယားကျောက်ဆင့်ကျေးရွာ ကုန်ထုတ်လမ်းဖွင့်လှစ်

တောင်ကြီး ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ ပေါ့ယားကျေးရွာအုပ်စု၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သည့် ပေါ့ယားကျောက်ဆင့် ကျေးရွာကုန်ထုတ်လမ်းသစ်ကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီက ပေါ့ယားကျောက်ဆင့်ကျေးရွာ ကုန်ထုတ်လမ်းပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပေါ့ယားကျောက်ဆင့်ကျေးရွာ ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများကို အထူးဦးစားပေး အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာများအတွက် အမှန်တကယ်လိုအပ်လျက်ရှိသည့် ကုန်ထုတ်လမ်း(၁၁၁)မိုင် (၂)ဖာလုံ၊ ကုန်ထုတ်တံတား(၂၀၆)စင်းနှင့် ကျေးရွာသောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် ကျေးရွာ(၁၅၁)ရွာ ဆောင်ရွက်ပေးနိုင်သည့် အပြင်ဆိုလာအမြှင့်တင်စနစ်ဖြင့် ရှမ်းပြည်နယ်အတွင်း ကျေးရွာ(၂၉)ရွာကို စိုက်ပျိုးရေရရှိရေးအတွက် ဆောင်ရွက်နိုင်သည့်အတွက် နိုင်ငံတော်၏ အဓိကမဏ္ဍိုင်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍကို အထောက်အပံ့ဖြစ်လာခဲ့ကြောင်း ပြောကြားသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာကုန်ထုတ်လမ်းများ ဆောင်ရွက်ပေးထားပြီးဖြစ်သည့်အတွက် ကြာရှည်အသုံးပြုနိုင်ရေးမှာ ပြည်သူများအနေဖြစ် ဝိုင်းဝန်းထိမ်းသိန်းဆောင့်ရှောက်ကြရန်မှာကြားသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပေါ့ယားကျောက်ဆင့်ကုန်ထုတ်လမ်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒေသခံကျေးရွာကိုယ်စားလှယ်တစ်ဦးက ကုန်ထုတ်လမ်းရရှိလာခြင်းကြောင့် စိုက်ပျိုးရေးထွက်ကုန်များ ရာသီမရွေးစိုက်ပျိုးနိုင်လာခြင်း၊ ကုန်စိမ်းစိုက်ပျိုးရန်ခက်ခဲသောနေရာများ စိုက်ပျိုးနိုင်လာခြင်းကြောင့် ကျွန်တော်တို့ရွာသူရွာသားများ၏ စီးပွားရေးကို အထောက်အကူဖြစ်စေပြီး ဝင်ငွေတိုးပွားစေနိုင်သည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကုန်ထုတ်လမ်းအတွက် မြေအလှူရှင်များကို ဒေသခံပြည်သူများ ကိုယ်စားကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ ပေါ့ယားကျေးရွာအုပ်စု၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် ပေါ့ယားကျောက်ဆင့်ကျေးရွာ ကုန်ထုတ်လမ်းသစ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးခွန်ရဲထွေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ပေါ့ယားကျောက်ဆင့်ကျေးရွာ ကုန်ထုတ်လမ်းကို အရှည် ၁ မိုင် ၄ ဖာလုံနှင့် တံတား (၄) စင်း အတွက် ကုန်ကျငွေ ကျပ်သန်း (၁၀၃.၃၉၉၀) ဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်ဆောင်ရွက်ပြီးစီးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ပေါ့ယားကျောက်ဆင့်ကျေးရွာ ကုန်ထုတ်လမ်းကို လှည့်လည်ကြည့်ရှုခဲ့ပြီး ထီရယ်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ထားသည့် သောက်သုံးရေပေးဝေရေးစနစ်နှင့် ကျေးရွာအတွင်းကွန်ကရစ်လမ်းခင်းကျင်း ထားမှုအခြေအနေများကို ကြည့်ရူစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)