ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ဒလ ဖေဖော်ဝါရီ ၁၁

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ စာအုပ်/စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက ပြည်ထောင်စု၏အဓိပ္ပါယ်နှင့် ဟောပြောပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းမှ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများကို အကျယ်တဝင့် ဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများအား ဉာာဏဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲများနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကျင်းပရာ အကောင်းဆုံးယှဥ်ပြိုင်နိုင်သူ ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရဆုများ လက်ဆောင်ပေးအပ်ခဲ့ကြသည်။

ထို့နောက် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်များနှင့် သုတ/ ရသစာအုပ်၊ စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

အေးမြမိုး (ပြန်/ဆက်)