ကလောမြို့နယ်၌ (၂၅)ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပ

ကလော ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် (၂၅)ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက ကလောမြို့ မြို့လယ်ဓမ္မရုံ၌ ကျင်းပရာ ကလောခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူအလှူရှင်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ကလောမြို့ သာသနာ့ဝေပုလ္လဗောဓိကုန်းပရိယတ္တိစာသင်တိုက်ဆရာတော် ဦးဥတ္တမာနန္ဒအား ဩကာသဖြင့်ကန်တော့၍ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ မြွက်ကြားခဲ့ပြီး ကလောမြို့ သာသနာ့ဝေပုလ္လဗောဓိကုန်းပရိယတ္တိစာသင်တိုက်ဆရာတော်က ဆွမ်းဆန်စိမ်းလောင်းလှူရခြင်းအတွက် အလှူအနုမောဒနာတရား ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်မြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်ထံမှ ရေစက်ချတရားနာယူ၍ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေး‌ဝေခဲ့ကြသည်။ ထို့‌‌နောက် ကလောတပ်နယ်မှ အရာရှိနှင့် မိသားစုဝင်များ၊ ကလောခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ကလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများက ကလောမြို့ပေါ်ရှိ သံဃာတော် ၇၂၆ ပါးနှင့် သီလရှင် ၉၄ ပါး၊ စုစုပေါင်း ၈၂၀ ပါးတို့အတွက် တစ်ပါးကို ဆွမ်းဆန်စိမ်း ၁၃ ပြည်နှုန်းဖြင့် ဆွမ်းဆန်စိမ်းအိပ် ၄၄၄ အိပ်နှင့် အခြားလှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်း‌ လောင်းလှူခဲ့ကြ‌ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)