လှည်းကူး ဖေဖော်ဝါရီလ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသက်မင်းဟန်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကို ပြောကြားခဲ့သည်။ ဆက်လက်၍ ရန်ကင်းအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၁)ဦးက ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆို၊ ပုံပြင်ပြော၊ ပန်းချီဆွဲပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများအား ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများကို ဆုများချီးမြှင့်ပေးခဲ့သည်။
ထို့နောက် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးနံရံကပ်စာစောင်များများနှင့် စာအုပ်ပြပွဲကိုပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)