ကျိုက်မရော ဖေဖော်ဝါရီ ၁၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၏ သမိုင်းဝင်တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သော ဆုတောင်းပြည့်ဘုရားကြီးအား ပြုပြင်မွမ်းမံတည်ထားကိုးကွယ်ခဲ့သော မြန်မာဘုရင်မကြီး ရှင်စောပု၏ ၆၃၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာရိုးရာအစားအစာ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဆုတောင်းပြည့်ဘုရားကြီးဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို နှစ်စဥ်နှစ်တိုင်းတပို့တွဲလဆန်း ၁၂ ရက်တွင် ရိုးရာမပျက် ကျင်းပပေးလျက်ရှိပြီး ယခုနှစ်တွင် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ အစုအဖွဲ့အသင်းများ(၁၂)ဖွဲ့တို့က အချင်းချင်းစည်းရုံးညီညွတ်စွာ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသောအသင်းများအား ပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ရှင်စောပုဘုရင်မကြီး၏ ၆၃၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများအား စတုဒိသာမုန့်များ၊ ဒန်ပေါက်ထမင်းများ၊ ထမနဲများဖြင့် ကျွေးမွေးခဲ့ရာလာရောက် စားသုံးသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)