သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ဝိုင်းပြုလုပ်

သံဖြူဇရပ် ​ဖေ​ဖော်ဝါရီ ၁၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာမ ခင်စုစုစံနှင့် မြနှင်းရည်ရှိန်ဘာသာပြန်ရေးသားသော ကိုယ်ပိုင်တိုးတက်မှု၏အရာအားလုံး အ​သေးစိတ်ကျကျ​ဆောင်ရွက်မှသာ ​အောင်မြင်စွာနေထိုင်နိုင်မည်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အေးအေးသီက ယနေ့လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေးအတွက် စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာကဦးဆောင်၍ စာရေးဆရာ ခင်စုစုစံနှင့်မြနှင်းရည်ရှိန်ရေးသားသော စာအုပ်သည် ဘဝကို​ပြောင်းလဲ​အောင်ပြုလုပ်ပြီး တစ်စုံတစ်ရာကို ​အောင်မြင်လိုပါက ​သေချာပေါက်လုပ်ဆောင်ရမည့်ဖြစ်ကြောင်း ရေးသားထားသော စာအုပ်​ကောင်းတစ်အုပ်ဖြစ်၍ အမျိုးသမီးများအနေဖြင့် များစွာအကျိုးပြုကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အဖွဲ့ဝင်ဒေါ်အေးအေးသွယ်က စာအုပ်ပါအကြောင်းအရာများမှ မိမိနှင့်ကိုက်ညီသောအချိန် အကျိုးပြုပုံနှင့်နည်းလမ်းများကိုဖတ်ကြားဆွေးနွေးပြီး အဖွဲ့ဝင်ဒေါ်အေးနန္ဒာအောင်က စကား​ပြောအတတ်ပညာ၊ အ​ကောင်းမြင်ခံစားချက်ကို​ ပေးစွမ်းနိုင်​သောစကား​ပြောဆိုမှုအကြောင်းအရာကို ရှင်းလင်းပြောကြားပြီး အဖွဲ့ဝင်ဒေါ်ကေသီစိုးက အပြည့်အဝဖြတ်သန်း​နေ​သောတစ်​နေတာများ၊ အ​ရေးကြီးသောအလုပ်နှင့် အလျင်လို​သောအလုပ်၏ ဟန်ချက်ညီမှုစသည့် အကြောင်းအရာများကိုဖတ်ကြား​ဆွေး​နွေးပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များမှလည်းသိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များအတွေးအခေါ်ဗဟုသုတများတိုးပွားစေရေး စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းနှင့် ပြည်သူအသိပညာပေး ဆွေးနွေးပွဲများကိုလည်း စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ​​ကြောင်း၊ စာဖတ်ဝိုင်းအပြီးတွင် တက်ရောက်လာကြသူများမှ ပြသထားသည့်အသိပညာပေး နံရံကပ်စာစောင်ကိုကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)