(၇၈)နှစ်မြောက် ပြည်‌‌ထောင်စု‌နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထီကထွေးတိုးချဲ့ရေပေးရေးလုပ်ငန်းနှင့် ရွှေပြည်သာလမ်းဖွင့်ပွဲ ကျင်းပ

ရွာငံ ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထီကထွေးတိုးချဲ့ရေပေးရေးလုပ်ငန်းနှင့် ရွှေပြည်သာလမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲက ပြည်သာယာလမ်းမပေါ်ရှိ ဗထူးခန်းမရှေ့နှင့် ရွှေပြည်သာလမ်းထိပ်တို့၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲတွင် ရွာငံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ သိန်းဆိုင်က ရေပေးရေးဖွင့်ပွဲနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် ဖွင့်ပွဲအထိမ်းအမှတ်အလံများကို ရွှေရောင်လျှမ်း ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး(၁) ဗိုလ်မှူးကျော်ကျော်ဝင်း၊ အတွင်းရေးမှူး ရဲမှူးကျော်ဦးတို့က လက်ခံရယူခဲ့သည်။

ဆက်လက်၍ ထီကထွေးတိုးချဲ့ရေပေးရေးလုပ်ငန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင် (၁)၊ အတွင်းရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ အမှုဆောင်အရာရှိတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး မြို့ထဲသို့ရေဖြန့်ဝေပေးသော ရေဘားအားဖွင့်လှစ်ပေးခဲ့သည်။ ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ Clean and Green ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သည့် ရွာငံမြို့ ဈေးတန်းရပ်ကွက်ရှိ ရွှေပြည်သာလမ်းသစ်အားလည်း အလားတူ ဖွင့်လှစ်ခဲ့ကြသည်။

ထီကထွေးတိုးချဲ့ရေပေးရေး ၆လက်မ GI Pipe ၇၅၀၀ ပေသွယ်တန်းခြင်းလုပ်ငန်းအား ကုန်ကျငွေကျပ်သန်း(၃၅၀)ဖြင့် ရွှေရောင်လျှန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး သောက်သုံးရေကို ရွာငံမြို့ပေါ်(၁၀၀%)လွှမ်းခြုံအောင် ဖြန့်ဝေပေးနိုင်ခဲ့သည်။ ရွှေပြည်သာလမ်းသစ် (၆၂၅ ပေ×၁၂ ပေ)ကို ကွန်ကရစ်လမ်းသစ်အဖြစ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ထရီလီယံထွန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ပြည်သူများ ကောင်းမွန်ချောမွေ့စွာဖြင့် လမ်းကောင်းကို အသုံးပြုနိုင်ကြပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)