ကျိုင်းတုံ ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို) ကျောင်းတွင်းအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းတွင်ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ အဖွဲ့ဝင်-၂ ဦးမင်းညို၊ အဖွဲ့ဝင်-၄ ဦးအောင်မြတ်သာ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုးဝေနှင့် ကျိုင်းတုံပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်နန်းအေးသီရိဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။ ထို့နောက် ကျိုင်းတုံပညာရေးဒီဂရီကောလိပ် သင်တန်းသား၊ သင်တန်းသူများက အကများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုးဝေနှင့် အဖွဲ့ဝင်များက ကျောင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြပြီး ကျိုင်းတုံခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ဝင်းက ပြိုင်ပွဲအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။
ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၏ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို) ကျောင်းတွင်းအားကစားပြိုင်ပွဲတွင် ပြေးခုံပစ်၊ လွန်ဆွဲ၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် fitness Dance ပြိုင်ပွဲများ ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)