တာလေ ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အနုပညာကို တွေးခေါ်ဖန်တီးတတ်စေရန်နှင့် စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြိုင်ပွဲဝင်ကလေးများအား ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ကဗျာရွတ်ပြိုင်ပွဲကျင်းပရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော စာအုပ်များကို ဖတ်ရှုလေ့လာခြင်း၊ နံရံကပ်စာစောင်များအား ကြည့်ရှုခြင်းတို့ပြုလုပ်ခဲ့ပြီး တာဝန်ရှိသူတို့က ပြိုင်ပွဲဝင်ကလေးများအား အာဟာရဖြည့်မုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။
ရီရီထွန်း(ပြန်/ဆက်)