ဟိုပုံး ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့က အခြေခံပညာမူလတန်းလွန်ကျောင်း (လွယ်တန့်)၌ ဆောင်ရွက်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ဟိုပုံး)မှ ဦးစီးအရာရှိ ဒေါ်လင်းလင်းစန်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအားလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်အေးထက်ထက်ထွန်းက “စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းထိုက်စိုးက “ပလတ်စတစ်အန္တရာယ် ကြိုတင်ကာကွယ်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မိုးနိုင်က “မီးဘေးလုံခြုံရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြပွင့်ဖြူက “သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား၊ ကျောင်းသူများ သိရှိစေရေး အသိပညာပေးဟောပြောခဲ့သည်။
ထို့အပြင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဖတ်ရှုမှတ်သားနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး စာအုပ်စာစောင်ပြပွဲအား ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ဖတ်ရှုမှတ်သားလေ့လာခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)