နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ရန်အောင်မြင်ပရိယတ္တိသာသနာလင်္ကာရစာအောင်ဆုနှင်းသဘင်အခမ်းအနား တက်ရောက် ကြည်ညို

လယ်ဝေး ဖေဖော်ဝါရီ ၁၀

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ရန်အောင်မြင်ရွှေလက်လှစေတီတော်မြတ်ကြီးဝန်းအတွင်းရှိ သာသနာလင်္ကာရဗိမာန်တော်ကြီး၌ ယမန်နေ့နံနက်ပိုင်းက (၁၁) ကြိမ်မြောက်၊ ရန်အောင်မြင်ပရိယတ္တိသာသနာ့လင်္ကာရ စာအောင်ဆုနှင်းသဘင်အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိန္ဒနှင့် ပင့်သံဃာဆရာတော် ၁၅ ပါး၊ စာအောင်သာမဏေ၊ သီလရှင်များ၊  နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်း၊ ဒက္ခိဏသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သာသနာလင်္ကာရအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ တက်ရောက်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်၍ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိန္ဒထံမှ တက်ရောက်လာသည့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက သာသနာရေးဆိုင်ရာလျှောက်ထား၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက စာအောင်သာမဏေ သီလရှင်များအား စာအောင်လက်မှတ်နှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ကျီးသဲလေးထပ်ဆရာတော် ဒေါက်တာအရှင်စန္ဒာဝရထံမှ တရားတော်နာယူကာ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အဆိုပါ (၁၁)ကြိမ်မြောက်၊ ရန်အောင်မြင်ပရိယတ္တိသာသနာ့လင်္ကာရစာစောင်ဆုနှင်းသဘင်၌ စာအောင်ပထမအဆင့် သာမဏေ ၄၅၇ ပါး၊ သီလရှင် ၅၆ ပါး၊ ဒုတိယအဆင့် သာမဏေ ၁၂၀ ပါး၊သီလရှင် ၂၃ ပါး၊ တတိယအဆင့် သာမ‌ဏေ ၃၃ ပါး၊ သီလရှင် ၂ ပါးတို့အား စာအောင်ဆုနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝေကြည် (ပြန်/ဆက်)