တာချီလိတ် ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်မှပေးအပ်သော စီမံခန့်ခွဲရေးဆိုင်ရာနှင့် လူမှုထူးချွန်ဆုရရှိသူများကို ယမန်နေ့ ညနေပိုင်းက တာချီလိတ်လေဆိပ်၌ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု(တတိယအဆင့်)ရရှိသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို၊ လူမှုထူးချွန်ဆု(ဒုတိယအဆင့်ရ) ဦးဘိုလေး မြန်မာ-ထိုင်း-လာအို(သုံးနိုင်ငံ) နယ်ခြားကော်မတီဆက်ဆံရေးတာဝန်ခံနှင့် လူမှုထူးချွန်ဆုရပုဂ္ဂိုလ်များကို ဒေသခံပြည်သူများက ဂုဏ်ပြုကြိုဆိုကြသည်။
အဆိုပါ ထူးချွန်ဆုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (တတိယအဆင့်)၊ သီရိသုဓမ္မမဏိဇောတဓရ ဦးလှအေး(ခ) ဦးအားတီ စီမံထူးချွန်ဆု (ပထမအဆင့်)၊ သီဟသုဓမ္မမဏိဇောတဓရ ဦးအောင်နိုင် 1G1 Hotel လူမှုထူးချွန်ဆု (ပထမအဆင့်)၊ မြန်မာ-ထိုင်း-လာအို (သုံးနိုင်ငံ) နယ်ခြားကော်မတီဆက်ဆံရေးတာဝန်ခံ ဦးဘိုလေး လူမှုထူးချွန်ဆု (ဒုတိယအဆင့်)၊ ဟိုတယ်တာချီလိတ်နှင့် ဘုရင့်နောင်ဈေးမန်နေဂျင်းဒါရိုက်တာ ဦးထွန်းနေဦး စီမံထူးချွန်ဆု(ပထမအဆင့်)၊ ဇန်းမွန်အာခါကုမ္မဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးအားမဲ လူမှုထူးချွန်ဆု (ဒုတိယအဆင့်)၊ BM May Htam Chage Company ဒါရိုက်တာ ဦးစိုင်းစိုင်း လူမှုထူးချွန်ဆု(ဒုတိယအဆင့်)တို့အား ၂၀၂၅ ခုနှစ်၊ တောင်ကြီးမြို့တွင် ကျင်းပသည့် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားတွင် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထိုထူးချွန်ဆုများသည် တာချီလိတ်မြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ရေဝင်ရောက်သည့် ရပ်ကွက်များအတွင်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဘာသာရေး၊ သာသနာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် စိတ်ရောကိုယ်ပါ ငွေအား၊ လူအားဖြင့် သဒ္ဓါထက်သန်စွာ ပါဝင်ကူညီခြင်းတို့ကြောင့် စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆုနှင့် လူမှုထူးချွန်ဆုများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)