မိုင်းပန် ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် သစ်တောဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်သိမ်းရေး၊ မြူခိုးမြူငွေ့လျှော့ချရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဝန်ထမ်ကျေးရွာခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးမှူး ဦးရန်ပိုင်ထွန်းက ကျေးရွာနေတောင်သူများအနေဖြင့် သစ်ပင်များခုတ်၍တောင်ယာများချဲ့ထွင်ခြင်း အတတ်နိုင်ဆုံးလျှော့ချရေး၊ သစ်ပင်များခုတ်ထွင်ရှင်းလင်းခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများ၊ မြူခိုးမြူငွေ့များကြောင့် ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးဆိုးကျိုးများ၊ သစ်ပင်များစိုက်ပျိုးလိုလျှင် လိုအပ်သည့် ပျိုးပင်များ မြို့နယ်သစ်တောဦးစီးဌာန၌ အခမဲ့လာရောက်ထုတ်ယူနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းလင်းထိုက်က ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် အိမ်တိုင်းအိမ်တိုင်း မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေပုံးများ ဆောင်ထားကြရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးအကြောင်းအရာများ ရှင်းလင်းဟောပြောခဲ့ပြီး ကျေးရွာနေပြည်သူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဟောပြောပွဲသို့ ဝန်ထမ်ကျေးရွာနေပြည်သူများ (၈၅) ဦးခန့် တက်ရောက်ခဲ့ကြပြီး မြို့နယ်သစ်တောဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ မြူခိုးမြူငွေ့လျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)