မဟာအောင်မြေမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံစာကြည့်တိုက်ပညာရပ်(ဆင့်ပွား)သင်တန်း (၁/၂၀၂၅)ဖွင့်လှစ်

မဟာအောင်မြေ ဖေဖော်ဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ အခြေခံစာကြည့်တိုက်ပညာရပ်(ဆင့်ပွား)သင်တန်း (၁/၂၀၂၅)ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်စီမံခန့်ခွဲမှုလုပ်ငန်းများဖြစ်သည့် စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာအုပ်မှတ်သားမှုစနစ်၊ ထားသိုမှုစနစ်၊ စာငှားလုပ်ငန်းနှင့် စာကြည့်တိုက်စစ်ဆေးခြင်းများ ကို စနစ်တကျလုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာရပ်(ဆင့်ပွား)သင်တန်းမှ စာကြည့်တိုက်ပညာရပ်များကို အသုံးပြု၍ မိမိတို့၏ ကျောင်းစာကြည့်တိုက်လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပြီး ကျောင်းသား/ကျောင်းသူများအတွက် အကျိုးပြုအောင်မြင်သော စာကြည့်တိုက်များဖြစ်အောင် ကြိုးစား၍ ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးညီဝင်းသူက စာအုပ်များ မျိုးတူစုခွဲခြားခြင်းနှင့် မှတ်သားမှုစနစ်ဆိုင်ရာများ၊ စာအုပ်များ လက်တွေ့စာရင်းရေးသွင်းနည်း၊ ရရှိ/ရောက်ရှိလာသည့် စာအုပ်များကို ဖွင့်ဖောက်စစ်ဆေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးပြီး ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ကတ်တလောက်ရေးသွင်းနည်းစနစ်များနှင့် စာကြည့်တိုက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသူများမှ ဆွေးနွေးပို့ချမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူးများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အခြေခံစာကြည့်တိုက်ပညာရပ်(ဆင့်ပွား) သင်တန်းသို့ မဟာအောင်မြေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၁၄)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂)ရက်ဖြစ်ကြောင်း သိရှိရသည်။

အောင်ဇော်မင်း